Nature 2 (နှင်းဝေတဲ့ဆောင်း)
HTN: အခုလို ဒီဇင်ဘာ၊ ဇန်န၀ါရီတို့ဆိုတာ စိတ်ကူးယဉ်ကြည့်ရင် နှင်းတွေတဖွဲဖွဲနဲ့ပေါ့။
KZO: ဟေ့လူ... မဟုတ်ကဟုတ်ကတွေပြောနေပြန်ပြီ... ကျုပ်တို့အောက်ပြည်အောက်ရွာမှာ ဘယ်က လာနှင်းကျမလဲ...
HTN: ဟာ... မယုံဘူးလား... ကျုပ်က အခုနှင်းကျဆိုကျလို့ရတယ်နော်... သုံးမိနစ်ပဲကြာမယ်.... ဟီး ဟီး... Photoshop ထဲမှာ ပြောတာ
KZO:
အဲဒါဆို အခုလက်တွေ့ပြဗျာ... ကျုပ်က New Year အမှီ ကျုပ်ကောင်မလေးကို
နှင်းတွေကျနေတဲ့ e-card ပို့ချင်နေတာ... တကယ့်နှင်းမရလည်း
ရတာပို့ရမှာပဲ... ကဲ ကျုပ်အခုဖွင့်ထားတဲ့ဓာတ်ပုံကို နှင်းကျပေးဗျာ...။
HTN: ဟား... ခင်ဗျားက ဆောင်းနဲ့လိုက်ဖက်မယ့် ပုံကို ကွက်တိရှာထားတာပဲဗျ... အဲလိုဆိုသိပ်လွယ်တာ...
၁)
ပထမဦးဆုံး (Layer > New Layer) သို့မဟုတ် (Shift + Ctrl + N)
လုပ်ပြီး New Layer တစ်ခုခေါ်မယ်ဗျာ...အဲဒီ Layer ကို အမဲရောင် Black
Color နဲ့ Fill လုပ်လိုက်မယ်။
၂) ပြီးရင် (Filter >
Sketch > Graphic Pen) ထဲကို ၀င်ပြီးပြင်မယ်ဗျာ... ပုံရဲ့
အရွယ်အစားနဲ့ ခင်ဗျားလိုတဲ့ နှင်းကျတဲ့ပုံစံကို ပေးလို့ရတယ်နော်
ဒီမှာတော့ Stroke Length = 6 နဲ့ အပေါ်တည့်တည့်က
ကျလာတာမျိုးလိုချင်တော့ Direction ကို Vertical ပေးလိုက်တယ်။
၃)
Filter > Blur > Gaussian Blur ထဲကို ၀င်ပြီးတော့ 1.5 Pixel
Radius နဲ့ Blur လုပ်လိုက်မယ်။ ပုံရဲ့ Image Size ကိုလိုက်ပြီးတော့
Pixel အပြောင်းအလွဲရှိနိုင်တယ်နော်...
၎)
ပြီးရင် Layer ရဲ့ Blending Mode = Screen မှာထားမယ်... Opacity=75%
ထားလိုက်မယ်ဆိုရင် ကိုင်း... ခင်ဗျားလိုချင်တဲ့နှင်းကျတဲ့ပုံဗျာ...
KZO:
တယ်ဟုတ်ပါလား... ကျုပ်တောင် ချမ်းစိမ့်စိမ့်ဖြစ်လာပြီ။ ဒါပေမယ့်
ကျုပ်မှာရှိတဲ့ဓာတ်ပုံက အခုပုံလိုမျိုးမဟုတ်ဘဲ ကျုပ်တို့အောက်ပြည်
အောက်ရွာက နေပူကြဲတောက်အောက်မှာရိုက်ထားရင် ဘယ်နှယ့်လုပ်မလဲဗျ...
HTN: ဟာ... ခင်ဗျားတော်တော်ပြဿနာရှာတဲ့လူပဲ... အဲလိုပုံမျိုးဆို...
က) ပထမဦးဆုံးဒီပုံကို အအေးလွှမ်းသွားတဲ့ပုံဖြစ်အောင်လုပ်မှရမှာ။
ဒီတော့ (Image > Adjustment > Photo Filter) ထဲကိုဝင်။ ပြီးရင် စိတ်ကြိုက် Cooling Filter တစ်ခုကိုရွေး၊ ပုံသေမရှိဘူးဗျ...
ခ) ပြီးရင် Color Balance ထဲကိုဝင်... ဓာတ်ပုံရဲ့အနေအထားကို လိုက်ပြီးတော့ Cyan နဲ့ Blue ကို ခင်ဗျားစိတ်ကြိုက်တိုးလိုက်ဗျာ... တခြား Adjustment တွေနဲ့လည်း ပြင်လို့ရတယ်။ ဒါဆိုခင်ဗျားရဲ့ အပူသည်ပုံက အအေးမိသွားပြီပေါ့ဗျာ...
ဂ) နှင်းဝေတဲ့အချိန်မှာရိုက်တဲ့ဓာတ်ပုံက ခပ်ဝါးဝါးနဲ့ ခပ်မှိန်မှိန်ရယ် အဲဒီတော့ (Image > Adjustment > Brightness/Contrast) ထဲကိုဝင် ပြီးတော့ Brightness နဲ့ Contrast ကိုလျှော့ဗျာ... ပြီးရင်လိုအပ်တဲ့ အနေအထားရအောင်ချိန်ပေါ့... တခြား Adjustment တွေ Filter တွေနဲ့လည်း ချိန်လို့ရတယ်ဗျ...
အဲ... အဲလိုမျိုးပုံကျတော့ နှင်းကျတာကို အရင်လုပ်ပြီးမှ အောက်ကပုံကို လိုက်ချိန်တာပိုကောင်းတယ်ဗျ... ပုံသေတော့မရှိဘူးဗျာ...
တချို့ကျတော့ နှင်းတွေ အဲလို တပြေးညီကျနေတာကိုမလိုချင်ပြန်ဘူး။ အဲဒါဆိုလည်း Layer Mask တို့ Eraser တို့ကိုသုံးပြီး လိုသလိုပြင်ပေါ့၊ ဖျက်ပေါ့ဗျာ...

KZO: ဟား... ဒီတစ်ခါတော့
သိပ်ဂွင်တည့်သွားပြီဗျာ... ကျုပ်ကောင်မလေး e-card ကြည့်ပြီး
အအေးမိသွားလို့ကတော့ ခင်ဗျားအပြစ်ပဲနော်..
HTN: ဟား... ဟား... ဟား
No comments:
Post a Comment